ဒီအကြောင်းဟာ People Pleasing နဲ့ သက်ဆိုင်နေတတ်သလို ငယ်ဘဝရဲ့ လိုအပ်မှုလေးတွေနဲ့လည်း သက်ဆိုင်ကောင်း ဆိုင်နိုင်ပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲 𝗣𝗹𝗲𝗮𝘀𝗶𝗻𝗴 ဆိုကတည်းက ကိုယ့်လိုအင်၊ ကိုယ့်ခံစားချက်၊ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေကို စတေးပြီး အများအကြိုက် လိုက်လျောဦးစားပေးတတ်တာမျိုးပေါ့။
သူကြိုက်သလို နေလိုက်မယ်၊ သူဖြစ်စေချင်သလို ဖြစ်ပေးလိုက်မယ်၊ သူပြောသလို လက်ခံလိုက်မယ်၊ သူတောင်းဆိုသလို လိုက်လျောလိုက်မယ် စသဖြင့် ကိုယ့်ရဲ့ ခံစားချက် “အစစ်အမှန်” တွေကို ဖိနှိပ်ထားပြီး တစ်ဖက် ကျေနပ်အောင် အမြဲခေါင်းငြိမ့်နေတာမျိုးပါ။
“ကိုယ်ဆိုတာ ပျောက်ရှနေတာမျိုးပေါ့။”
လုပ်ချင်တာရော၊ မလုပ်ချင်တာရော၊ အဆင်ပြေတာရော၊ မပြေတာရော အရာအားလုံးကို တခြားသူအကြိုက်တွေပဲ လိုက်လျောပေးနေတတ်တာမျိုးပေါ့။
ငယ်ဘဝဆိုရာမှာတော့ Attachment တွေနဲ့လည်း ဆိုင်ကောင်းနိုင်တာပေါ့။ Attachmentလေးမျိုးထဲကမှ Ambivalent Attachment ဆိုတာက ကလေးဘဝရဲ့ အခြေအနေတွေကြောင့် အမြဲ ဝေခွဲမရတဲ့ စိုးရိမ်ပူပန်မှု၊ မလုံခြုံမှုကို ခံစားရတဲ့ ပုံစံမျိုးပါ။ ဝေဝါး မသေချာမှုတွေရှိနေခြင်းပေါ့။
ဒါက ငယ်ဘဝမှာ ကိုယ်နဲ့ care giver ကြားမှာရှိတဲ့ တွယ်တာမှုပုံစံအပေါ် မူတည်သွားတာမျိုးပါ။ ဒီလိုကလေးတွေ ကြီးပြင်းလာတဲ့အခါ ကိုယ့်ကိုကိုယ် မလုံမခြုံ ခံစားရတာမျိုး၊ relationship တွေမှာဆို ဆုံးရှုံးရမှာ ကြောက်တာမျိုး၊ ခံစားမှု emotions အတက်အကျတွေရှိတတ်တာမျိုး၊ကိုယ့်ကို စွန့်ပစ်ခံရမှာ (သို့) စိတ်ပျက်သွားမှာ ကြောက်တာမျိုး ၊ boundary မထားနိုင်တာမျိုး စတာတွေ ဖြစ်လာတတ်ပါတယ်။
ဒီတော့ ကိုယ့်မလုံခြုံမှုတွေ၊ မသေချာမှုတွေ၊ ဝေခွဲမရမှု၊ စိုးရိမ်မှုတွေကြောင့် ကိုယ့်ခံစားချက်တွေကို နေရာမပေးပဲ အများအကြိုက်လိုက်၊ အများအတွက်ပဲ ရှင်သန်နေတတ်ကြတယ်။ ဒါဟာ ကလေးဘဝရဲ့ ရိုက်ခတ်မှုတွေထဲက တစ်ခုပေါ့။
အရာအားလုံးဟာ ယုံကြည်မှုနဲ့ အလေ့အကျင့်ကြောင့်ဆိုသလိုပဲ အမြဲခေါင်းငြိမ့်နေတတ်မှု၊ အများအကြိုက် ဦးစားပေးမှုတွေဟာ ကြာလာတဲ့အခါ “ဒါဟာ ငါပဲ” ဆိုတာမျိုး ဖြစ်လာတယ်။ ဒီအသိနဲ့အတူ ကိုယ်တိုင်မနှစ်မြို့နေတဲ့ နွံထဲမှာ ရုန်းထွက်ဖို့ ခက်ခဲနေတတ်တယ်။ တခြားလူတွေကို လက်ညှိုးထိုးရင်းပဲ ကိုယ်တိုင်က ရုန်းထွက်ဖို့ မကြိုးစားရင်း ပိတ်မိနေတတ်တယ်။
ကိုယ်ရဲ့ရှင်သန်ခြင်းမှာ “ကိုယ်” ဆိုတဲ့ အစစ်အမှန်ကို မခံစားရပဲ ဆက်လက်နေထိုင်နေသလိုပေါ့။
ကိုယ်မဟုတ်တဲ့ “ကိုယ်” နဲ့ နေတာကြာလာတဲ့အခါ ဘဝရဲ့ “sense of meaning” ပျောက်လာတာမျိုး၊ ရှင်သန်နေမှုရဲ့ ရည်ရွယ်ချက် မဲ့လာတာမျိုး၊ ပျော်ရွှင်အေးချမ်းမှု မခံစားရတာမျိုး၊ ကိုယ့်ကိုကိုယ်ရော အများအပေါ်ပါ မကျေမနပ် ဖြစ်လာတာမျိုး (သို့) ဘဝကို ခံစားမှု ကင်းမဲ့စွာ ဖြတ်သန်းတာမျိုး ၊ စိတ်ပျက် အားလျော့တာမျိုး စတာတွေ ရရှိလာတတ်ပါတယ်။
ဒါ့ကြောင့် “ကိုယ်” အစစ်အမှန်လို့ ခံစားရတဲ့ အခြေအနေမျိုးကို ကိုယ်တိုင်လက်ခံ၊ ဖန်တီးယူတတ်ဖို့ လိုပါတယ်။ ကိုယ့်လိုအင်တွေနဲ့ ခံစားချက်တွေကို နားထောင်ပေးဖို့ လိုပါမယ်။
ထို့အတူ ကိုယ့်ရဲ့ခံစားချက်၊ လိုအပ်မှုနဲ့ စည်းဘောင် တွေအပေါ် အပြန်အလှန် လေးစားတန်ဖိုးထားပေးတတ်ပြီး ကိုယ်ဆိုတဲ့ “အစစ်အမှန်” ကို ခံစားရရှိအောင် ပံ့ပိုးအားပြုပေးတဲ့ လူတွေ၊ နေရာတွေကိုလည်း မှန်ကန်စွာ ရွေးချယ်၊ ဝန်းရံတတ်ရပါမယ်။
စစ်မှန်တဲ့“ ကိုယ်” ဆိုတဲ့ ခံစားမှုကို ရရှိပိုင်ဆိုင်စေတဲ့ လူ၊ နေရာတွေကို မှီတည်၊ အရင်းပြုရင်း ဘဝရဲ့ အဓိပ္ပာယ်ရှိမှုတွေကို ကိုယ်တိုင်ရှာဖွေဖန်တီးနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။
(16-Oct-2023)
#attachment#ambivalent#ambivalentattachment#peoplepleaser#caregiver#boundary#senseofmeaning
အခြား ဖတ်စရာများ –
