Image for Forgiveness by Healing with Andrea

ခွင့်လွှတ်ခြင်း (Forgiveness)

Spread the love

“Forgiveness” ကျွန်မတို့ကို နာကျင်အောင်လုပ်ခဲ့သူတွေကို ခွင့်လွှတ်ဖို့ ကြိုးစားကြည့်ဖူးလား❓❓

ကြိုးစားကြည့်ဖူးလား ဆိုတဲ့စကားထက် စဉ်းစားကြည့်ဖူးလား ဆိုတဲ့ စကားကတောင် ကျွန်မတို့နဲ့ ပိုနီးစပ်နိုင်မယ်ထင်မိတယ်။

ဒီလို ကျွန်မတို့ကို နာကျင်အောင် လုပ်ခဲ့တဲ့သူတွေထဲမှာ တစိမ်းတွေလည်း ပါဝင်နေနိုင်သလို မိသားစုဝင်လို့ သတ်မှတ်နိုင်သူတွေလည်း ပါကောင်းပါနိုင်ပါတယ်။

▪️သိုက်သိုက်ဝန်းဝန်းရှိရမယ့်မိသားစုလေးကို ပြိုပျက်မယ့်လမ်း ရွေးချယ်သွားသူတွေ၊

▪️ကိုယ်ပေးအပ်ထားတဲ့ တန်ဖိုးတွေနဲ့ စစ်မှန်မှုတွေကို နင်းချေသစ္စာမဲ့သွားသူတွေ၊

▪️ပေးဆပ်မှုနဲ့မတန်အောင် နာကျင်စေသူတွေနဲ့

▪️ကိုယ့်ရဲ့ကမ္ဘာလေးကို ဖြိုဖျက်ကြားဝင်သွားသူတွေ..စသဖြင့် ရှိနိုင်တာပေါ့လေ။

နာကျင်မှုကနေရရှိလာတဲ့ ဝမ်းနည်းမှုတွေ၊ အများကြား (သို့) ပတ်ဝန်းကျင်မှာ ဖြတ်ကျော်ရတဲ့ အခက်အခဲတွေ၊ သိမ်ငယ်မှုတွေ၊ မျှော်လင့်ချက်ကင်းမဲ့မှုတွေနဲ့ အထီးကျန်မှုတွေကြောင့် ဒဏ်ရာနဲ့အတူ ဒေါသတွေနဲ့ နာကြည်းမှုတွေလည်း ကပ်ပါလာခဲ့တယ်။ ကိုယ်ရုန်းကန်ဖြတ်သန်းခဲ့ရတဲ့ အခြေအနေနဲ့ ခံစားမှုပမာဏအပေါ်မူတည်ပြီး ခွင့်မလွှတ်နိုင်မှုအတိုင်းအတာကလည်း ပိုမြင့်မားနိုင်တာပေါ့။ ဒါ့ကြောင့် ခွင့်လွှတ်ခြင်းဆိုတဲ့စကားဟာ နာကျင်စွာပေးဆပ်ခဲ့ရသူတွေအတွက်တော့ မလွယ်ကူလှပါဘူး။

ခွင့်မလွှတ်နိုင်မှုတွေ၊ တိုက်ဆိုင်မှုတိုင်းရဲ့နောက်ကွယ်မှာ ကပ်ပါလာတဲ့ ဒေါသတွေနဲ့ နာကြည်းခဲ့ရမှုတွေဟာ ကျွန်မတို့ကို အမြဲ လောင်မြိုက်နေဖို့ လောင်စာဆီထည့်ပေးနေသလိုပဲ။ ‌တွေးရင် ဒေါသဖြစ်တယ်။ တိုက်ဆိုင်ရင် ဝမ်းနည်းတယ်။ ပြန်ခံစားရတိုင်း ပူလောင်တယ်။ ပြန်ပြောတိုင်း နာကျင်ရတယ်။ ဒါဟာ ကျွန်မတို့ရဲ့ ကြံ့ခိုင်မှုကို အားနည်းချက်တစ်ခုအဖြစ်လည်း ပံ့ပိုးသေးတယ်။ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာသန်မာမှုကို အလွယ်တကူ ပြိုပျက်နာကျင်အောင် လုပ်နိုင်တဲ့ တစ်ခုတည်းသော အကြောင်းအရာအဖြစ်နဲ့ပေါ့။ ဒီခွင့်မလွှတ်နိုင်စရာအကြောင်းချင်းရာတွေကို အရင်းခံရင်း သက်ရောက်သွားတဲ့နေရာတွေ၊ အကောင်းအတိုင်းမဖြစ်တော့တဲ့ ယုံကြည်မှုစနစ်တွေလည်း ရှိနိုင်သေးတယ်။ ဒါတွေဟာ တခြားသူပေးတဲ့ နာကျင်မှုတွေကနေ လက်ဆင့်ကမ်းသက်ရောက်လာတဲ့ ကိုယ့်ရဲ့ ဖြည်တည်ခြင်းတစ်ခု အနေနဲ့ပေါ့။

📌 တကယ်တော့ ခွင့်လွှတ်ခြင်းဆိုတာ နာကျင်အောင် ပြုလုပ်ခဲ့သူတွေနဲ့ ပြန်လည်သင့်မြတ်ခြင်းကို မဆိုလိုသလို၊ တူညီသော ဆက်ဆံရေးတွေဆီ ပြန်သွားခြင်းလည်း မဟုတ်ပါဘူး။ ထို့နည်းတူ နာကျင်စေသူတွေရဲ့ အပြုအမူတွေကို ထပ်မံကျူးလွန်စေဖို့ ခွင့်ပြုပေးလိုက်ခြင်းလည်း မဟုတ်ပါဘူး။ ခွင့်လွှတ်ခြင်းဆိုတာ ကိုယ့်ကိုကိုယ် လွတ်မြောက်ခွင့်ပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ နာကျင်မှုနဲ့အတူ လောင်မြိုက်ပူလောင်နေစေတဲ့ ကိုယ့်ကိုကိုယ် ဒီလည်နေတဲ့သံသရာကြီးထဲက ဆွဲထုတ်ပေးလိုက်ခြင်း ဖြစ်တယ်။ ရှေ့ဆက်ရမယ့် နေ့ရက်တွေမှာ နာကျင်မှုမပါ၊ နာကြည်းမှု မရှိ၊ ဒေါသတွေကို အနိုင်ပိုင်းရင်း သက်ရောက်မှုကင်းကင်းနဲ့ အကောင်းဆုံးရှေ့ဆက်နိုင်ဖို့ ရွေးချယ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။

အချုပ်အနေနဲ့ပြောရရင် ခွင့်လွှတ်မှုဆိုတာ အားနည်းချက် မဟုတ်သလို ကိုယ့်ကို နာကျင်စေခဲ့တဲ့ လူတွေကို ကိုယ့်ဘက်ကဖြည့်ဆည်းပေးလိုက်တဲ့ မာန်မာနခဝါချမှုတွေလည်း မဟုတ်ပါဘူး။ ရှေ့ဆက်မယ့် အနာဂတ်အတွက် ကိုယ်တိုင်ရွေးချယ်လိုက်တဲ့ ရွေးချယ်မှုဖြစ်သလို အဟန့်အတားတွေကို ဘဝထဲ ထပ်မံနှောက်ယှက်ခွင့် မပြုတော့ခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် ခွင့်လွှတ်ခြင်းကို ရွေးချယ်ရင်း ပိုကောင်းတဲ့ အနာဂတ်နဲ့ အေးချမ်းတဲ့ နေ့ရက်တွေဆီ နာကျင်မှုမရှိ၊ နာကြည်းမှု ကင်းကင်း၊ လောင်မြိုက်ပူလောင်မှု ရှင်းရှင်းဖြင့် ပိုကောင်းတဲ့ ကိုယ့်ရဲ့ better version နဲ့အတူ အတောက်ပဆုံး လျှောက်လှမ်းနိုင်ပါစေလို့ ဆန္ဒပြုဆုတောင်းပေးပါတယ်။

Healing with Andrea

(9-Dec-2023)

#forgiveness#forgive#betterversion#betteryou#forgivethepast


အခြား ဖတ်စရာများ 


Spread the love