လျစ်လျူရှုခြင်းဆိုရာမှာ “Physical Neglect” ရုပ်ပိုင်းဆိုင်ရာအားဖြင့် လျစ်လျူရှုတာဖြစ်နိုင်သလို၊ “Emotional Neglect” ခံစားမှုအားဖြင့် လျစ်လျူရှုတာလည်း ဖြစ်နိုင်ပါတယ်။ အခုအကြာင်းအရာကတော့ ငယ်ဘဝကိုအခြေခံတဲ့ လျစ်လျူရှုခံခဲ့ရသူတွေအကြောင်းပဲ ဖြစ်ပြီး ဒီလိုကလေးလေးတွေ ကြီးပြင်းလာတဲ့အခါ ဘဝတလျှောက် ဘာတွေခံစားရနိုင်လဲအပေါ် ရေးသားခြင်းပဲဖြစ်ပါတယ်။
📌 Physical Neglect ဆိုတာ ဘယ်လိုမျိုးလဲ?
ကလေးတစ်ယောက်အတွက်ဆိုရင် အစားအသာက်၊ အဝတ်အစား၊ ပညာရေး၊ ကျန်းမာရေး၊ စနစ်တကျစောင့်ရှောက်အုပ်ထိန်းမှု စတာတွေဟာ ကလေးတစ်ယောက်လိုအပ်တဲ့ အခြေခံလိုအပ်ချက်တွေပဲ ဖြစ်ပါတယ်။ ဒါတွေကို အနီးကပ်စောင့်ရှောက် သူတွေဆီက မရရှိခဲ့တာမျိုး၊ ဖြည့်ဆည်းပေးမခံရတာမျိုး၊ ဂရုစိုက်မခံရတာမျိုးကို ရုပ်ပိုင်းဆိုင်ရာအားဖြင့် လျစ်လျူရှုခံခဲ့ရတယ်လို့ ဆိုလိုပါတယ်။
📝ဥပမာ -ကျောင်းနေချိန် ကျောင်းထားမပေးနိုင်တာ၊ နေမကောင်းချိန်မှာ ဂရုစိုက်မပေးနိုင်တာ၊ ဗိုက်ဆာချိန်မှာ အစားမကျွေးတာ စသဖြင့် ဒီလို လိုအပ်ချက်တွေကို ဆိုလိုပါတယ်။
📌 Emotional Neglect ဆိုတာ ဘယ်လိုမျိုးလဲ?
ကလေးလေးတွေအတွက် လိုအပ်တဲ့ ချစ်ခြင်းမေတ္တာ၊ လုံခြုံစေမှု၊ ဂရုစိုက်မှု ၊နွေးထွေးမှု ၊ ကြင်နာယုယမှု စတဲ့ အရေးကြီးတဲ့ စိတ်ခံစားချက်ပိုင်းဆိုင်ရာ လုံခြုံစေမှုကို အနီးကပ်ပြုစုစောင့်ရှောက်သူတွေထံက ဖြည့်ဆည်းပေးမခံခဲ့ရတာကို ဆိုလိုခြင်းဖြစ်ပါတယ်။ Safe and Loving Environment လို့ခေါ်နိုင်တဲ့ လုံခြုံမှုရှိပြီး ချစ်ခြင်းမေတ္တာကိုအခြေခံတဲ့ ပတ်ဝန်းကျင်တစ်ခုကို ကလေးအတွက် ဖန်တီးပေးဖို့ လစ်ဟင်းတာမျိုးကို ဆိုလိုပါတယ်။
📝ဥပမာ – ကလေးငိုနေချိန်မှာ ပစ်ထားတာ၊ နွေးထွေးမှုလိုအပ်ချိန်မှာ ဂရုစိုက်မပေးတာ၊ ဝမ်းနည်းနေချိန်မှာ နှစ်သိမ့်မှုမပေးတာ စတာမျိုးကို ဆိုလိုပါတယ်။
(ဒီလို စိတ်ပိုင်းဆိုင်ရာလျစ်လျူရှုခြင်းကို ကလေးလေးတွေမှမဟုတ်ပဲ Relationship pattern တွေမှာလည်း တွေ့ရှိနိုင်ပါတယ်။ လူတစ်ဦးရဲ့ ချစ်ခြင်းမေတ္တာလိုအပ်ချက်တွေကို အမြဲတစေ လျစ်လျူရှုတာ၊ လေးစားမပေးတာ၊ ငြင်းပယ်တာ၊ တန်ဖိုးထားမပေးတာ၊ အသိအမှတ်မပြုပေးတာ၊ appreciate မလုပ်တာ မျိုးတွေပဲ ဖြစ်ပါတယ်။ )
ဒီလိုမျိုး စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက် တွေဖြည့်ဆည်းပေးမခံရပဲ ကြီးပြင်းလာတာမျိုးတွေ ရှိတတ်ပါတယ်။ မိဘတွေရဲ့ ပညာရေးနဲ့ အသိပညာ၊ ဝင်ငွေနဲ့ အလုပ်အကိုင်အခြေအနေ စတဲ့ socio-economic condition တွေအပေါ်လိုက်ပြီး ကလေးတွေကို ဂရုတစိုက်စောင့်ရှောက်ဖို့ လစ်ဟင်းမှုရှိလာတာမျိုး ဖြစ်ပါတယ်။
❇️ ဒီလိုကလေးလေးတွေကြီးပြင်းလာတဲ့အခါ ဘယ်လို စိတ်ခံစားချက်အခက်အခဲတွေနဲ့ ရင်ဆိုင်ရတတ်လဲဆိုရင် –
▪️လူတွေဟာ သူတို့အပေါ် နားမလည်ဘူး၊ အလေးမပေးဘူးလို့ ခံစားရတတ်တယ်။
▪️သူတို့ရဲ့ရပ်တည်မှု၊ ရှင်သန်နေထိုင်မှုနဲ့ အဓိပ္ပာယ် တွေကို ကိုယ်တိုင်ရှာဖွေနိုင်ဖို့ ၊ နားလည်နိုင်ဖို့ အမြဲ ရုန်းကန်နေရတတ်တယ်။
▪️“We repeat familiar things” ဆိုတဲ့အတိုင်း တူညီသော အခြေအနေတွေကိုပဲ attract လုပ်မိနေတတ်တယ်။ ဆိုလိုတာက ကိုယ့်အတွက် မရှိပေးတဲ့သူတွေ၊ emotional unavailable ဖြစ်တဲ့သူတွေကိုပဲ ရွေးချယ်မိတတ်တယ်။ (Emotional Unavailable ဆိုရာမှာတော့ ကိုယ်ပိုင် emotions တွေကို ထုတ်ပြနိုင်ဖို့နဲ့ ကိုင်တွယ်နိုင်ဖို့ ခက်ခဲသူ၊ ကိုယ့်ခံစားချက်တွေကို တခြားသူကို မဝေမျှတတ်သူ၊ ဒီလိုပဲ တခြားသူတွေရဲ့ ခံစားချက်တွေအပေါ်မှာလည်း တုံ့ပြန်ဖို့ အဆင်မပြေသူကို ဆိုလိုပါတယ်။ ဒါဟာ Childhood Trauma ၊ Attachment Styles ၊ ရှေ့အစောပိုင်းကာလတွေမှာ ခံစားချက်တွေအပေါ် ဘယ်လို ကိုင်တွယ်ဖြစ်လဲ၊ ဒါမှမဟုတ် ပထမဆုံး Relationship မှာ ရရှိခဲ့တဲ့ Experiences တွေနဲ့လည်း ဆက်နွယ်နေနိုင်ပါတယ်။)
▪️တစ်ခုခု မှားယွင်းသွားတဲ့အခါ အထီးကျန်စွာ တစ်ယောက်တည်းရှိနေတတ်ဖို့ ရွေးချယ်မိတတ်တယ်။
▪️ကိုယ်ဟာ အချစ်မခံရသူ၊ ချစ်ဖို့မထိုက်တန်တဲ့လူလို့ ခံစားရတတ်တယ်။
▪️တခြားသူတစ်ယောက်ဆီက အကူအညီရယူဖို့အတွက် ဝန်လေးနေတတ်တယ်။
ဒါတွေဟာ ငယ်စဉ်အခါမှာ သူတို့အပေါ် အလေးပေးဂရုစိုက်မှုလစ်ဟင်းခဲ့တာတွေကြောင့် ဖြစ်တည်လာတဲ့စိတ်ခံစားမှုတွေဖြစ်နိုင်သလို၊ အချစ်မခံခဲ့ရတဲ့ အကျိုးဆက်တွေပဲ ဖြစ်ပါတယ်။ အကူအညီမရခဲ့တဲ့ အခြေအနေတွေကြောင့်ဖြစ်သလို အထီးကျန်စွာနေထိုင်ခဲ့ရမှုတွေကြောင့်လည်း ဖြစ်ပါတယ်။ ဒီလို ငယ်စဉ်အခါ လျစ်လျူရှုမှုတွေကို ရင်ဆိုင်ခဲ့ရတဲ့အခါ ဒီ “wound” ဒဏ်ရာလေးတွေနဲ့အတူကြီးပြင်းလာရင်း လိုအပ်မှုတွေ၊ အခက်အခဲတွေ၊ ရုန်းကန်ရမှုတွေကို အလုပ်အကိုင်၊ career၊ partner ၊ မိတ်ဆွေအပေါင်းအသင်း စတဲ့ relationship ဧရိယာတိုင်းလိုလိုမှာ သက်ရောက်နေတတ်ပါတယ်။
ဒါ့ကြောင့် ကိုယ့်ရဲ့ attachment style တွေကို နားလည်ရင်း ၊ pattern တွေကို exploring လုပ်ရင်း၊ လိုအပ်တဲ့ အသိပညာတွေကိုပါ ကိုယ့်ကိုကိုယ် educate လုပ်ရင်း၊ လျစ်လျူရှုခံရမှုတွေရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို သိမြင်၊ နားလည်၊ ကုစားနိုင်ဖို့ ရေးသားလိုက်ပါတယ်။
🌱အတိတ်ရဲ့”ကိုယ်”ကို
🌱လက်ရှိ “ကိုယ်” က စာနာ၊ နားလည်၊ ဂရုစိုက်ပေးမှုများနဲ့အတူ
🌱အနာဂတ် “ကိုယ်” ကို အေးချမ်းပျော်ရွှင်မှုများပိုင်ဆိုင်နိုင်အောင် နွေးထွေးပေးနိုင်ပါစေ။
(31-Mar-2024)
#neglect#emotionalunavailable#physicalneglect#emotionalneglect#childhoodtrauma#trauma#attachmentstyle#relationship
အခြား ဖတ်စရာများ –
- Self-Compassion
- “Explicit Memory” Vs “Implicit Memory”
- ခွင့်လွှတ်ခြင်း
- “No” ပြောခဲ့ပေမယ့် “Guilty” ဖြစ်မိတယ်…
