What If By Healing With Andrea

What If?

Spread the love

အကယ်၍များ ဒီလိုသာဆိုရင်…What If…? 💬

အင်္ဂလိပ်လိုဆိုရင်‌တော့ နှစ်လုံးတည်းရှိတဲ့ “𝗪𝗵𝗮𝘁 𝗜𝗳” ပေါ့။ လူတော်တော်များများဟာ ဒီစကားလုံးကို ကိုယ့်ဘဝရဲ့ အတိတ်နဲ့အနာဂတ်အပေါ်မှာ သုံးလေ့ရှိတတ်ကြတယ်။

▪️ အကယ်၍များ စောစောသာ လုပ်ခဲ့မိရင်….

▪️အကယ်၍များ ပိုပြီး ဂရုစိုက်ခဲ့မိရင်….

▪️ အကယ်၍များ အချိန်များများသာ ရခဲ့လိုက်ရင် …ဒါတွေဟာ အချိန်လွန်နောင်တတွေ၊ အားမရမှုတွေနဲ့အတူ ပြန်လည်ပြင်ဆင်ခွင့်မရှိတော့တဲ့အရာတွေအပေါ် မျှော်လင့်တောင့်တမိတတ်တဲ့ စကားလုံးတွေပေါ့။

ဒီလိုပဲ ဖြစ်မလာသေးတဲ့ အနာဂတ်အပေါ်ဆိုရင်လည်း

▪️ အကယ်၍များ အဆိုးတွေပဲ ဖြစ်ခဲ့မယ်ဆိုရင်…

▪️ အကယ်၍များ ဒီလိုသာ ဖြစ်သွားမယ်ဆိုရင်…

▪️အကယ်၍များ မျှော်မှန်းထားသလိုဖြစ်မလာခဲ့ရင်… စသဖြင်ပေါ့။

အနာဂတ်အတွက်ပြင်ဆင်နိုင်ဖို့ ဘာဖြစ်လာနိုင်မလဲဆိုတာအပေါ် ကြိုတင်တွေးတောတတ်ခြင်းဟာ အမှားတစ်ခုမဟုတ်ပါဘူး။ ဒါဟာ ရောက်လာမယ့်အနာဂတ်အတွက် အကောင်းဆုံးပြင်ဆင်ကြိုးစားနိုင်ဖို့ပါ။

ဒါပေမယ့် ကိုယ်တွေးလိုက်တဲ့အရာတွေတွေဟာ ကောင်းမွန်တဲ့အဖြေကိုရှာနိုင်တဲ့ (problem solving) ထက် အကြောက်တရားတွေနဲ့ စိုးရိမ်မှုတွေကိုသာ ဦးတည်၊ဦးစားပေးမိသွားမယ်ဆိုရင် မလိုအပ်တဲ့ စိတ်ဖိစီးစရာတွေကို ဝန်အဖြစ်ရရှိလာနိုင်ပါတယ်။

အတိတ်တွေ၊ အနာဂတ်တွေထက် လက်ရှိအချိန်မှာအကောင်းဆုံးနေထိုင်ခြင်းဟာ နောင်တတွေမရှိစေဖို့ရာ အထောက်အပံ့ပြုနိုင်သလို ရောက်လာမယ့်အနာဂတ်အတွက်လည်း အကောင်းဆုံး ကြိုတင်ပြင်ဆင်ထားခြင်းပဲ ဖြစ်ပါတယ်။

ဒါကြောင့် အတိတ်ရဲ့ “အကယ်၍များ”နဲ့ အနာဂတ်ရဲ့ “အကယ်၍များ”ကို စိုးရိမ်ပူပန်မှုတွေနဲ့ တွေးတောနေမယ့်အစား…

▪️“အကယ်၍များ အဆင်ပြေသွားရင်”

▪️“အကယ်၍များ မှန်ကန်သွားရင်”

▪️“အကယ်၍များ အကျိုးထူးသွားရင်”

စတဲ့ကောင်းမွန်တဲ့အတွေးတွေအဖြစ်အစားထိုးပြောင်းလဲပြီး လက်ရှိပစ္စုပ္ပန်ကို အကောင်းဆုံး ခွန်အားပြည့် တစိုက်မတ်မတ် လျှောက်လှမ်းဖို့ကို အကြံပြုပါလိုက်ပါတယ်။

မိမိအတွေးတွေကို သတိနဲ့ဆင်ခြင်ပြီး အစားထိုးပြောင်းလဲရင်း လက်ရှိအချိန်ကို အကောင်းဆုံးတန်ဖိုးထား၊ပြင်ဆင်သွားနိုင်ပါစေ။

Healing with Andrea

(20-Sep-2023)

#whatif#regret#worries#anxiety#mentalwellbeing#wellbeing


အခြား ဖတ်စရာများ 


Spread the love