Image for Love Definition by Healing with Andrea

မတူညီသော ချစ်ခြင်းများအကြောင်း (Self-love)

Spread the love

“ကျွန်မတို့လိုချင်နေခဲ့တဲ့၊ လိုက်ရှာနေခဲ့ (သို့) လိုက်ရှာနေဆဲဖြစ်တဲ့ မေတ္တာတရားဟာ ကျွန်မတို့နဲ့အနီးဆုံးမှာပဲ ရှိနေပါတယ်”ဆိုတာလေးနဲ့ စချင်ပါတယ်။

ကျွန်မတို့တော်တော်များများဟာ ချစ်ပေးချင်တာပဲဖြစ်ဖြစ် ၊ အချစ်ခံချင်တာပဲဖြစ်ဖြစ် ဒါတွေကို ကိုယ်ထင်နေတဲ့ ပုံစံတစ်မျိုးတည်းဆီကပဲ ရနိုင်တယ်လို့ ထင်မှတ်ခဲ့ကြဖူးတယ်။ ကိုယ်လိုချင်တာမရတဲ့အခါ၊ အချစ်ကိုမခံစားရတဲ့အခါ၊ ကိုယ်ဖြစ်စေချင်သလို ဖြစ်မလာတဲ့အခါ အဲ့ဒီအပေါ် ဝမ်းနည်းမှုတွေ၊ မကျေနပ်မှုတွေ၊ လက်မခံမှုတွေနဲ့ပဲ လုံးလည်ချာလည်လိုက်ပြီး ဘဝရဲ့အချိန်တော်တော်များများမှာ ပူလောင်နေခဲ့ကြပါတယ်။

“Love” လို့ပြောလိုက်တာနဲ့ ပထမဆုံး ကျွန်မတို့အတွေးထဲရောက်လာတတ်ကြတာက သမီးရည်းစား၊ ချစ်သူနဲ့ အိမ်ထောင်ဖက် စတဲ့ ကိုယ်ချစ်ခင်မြတ်နိုးရတဲ့သူတွေအပေါ်ထားတဲ့အရာကိုပဲ ဦးဆုံး‌ပြေးမြင်မိတတ်ကြပါတယ်။

တကယ်တော့ ချစ်ခြင်းမေတ္တာတွေဟာ ပုံစံအမျိုးမျိုးနဲ့ ကိုယ့်အနီးဆုံးမှာပဲ ရှိနေခဲ့ကြတယ်။

Romatic” ဆန်တဲ့ အချစ်တစ်မျိုးတည်းကိုမှ ချစ်ခြင်းလို့ မသတ်မှတ်ပဲ မိမိကိုယ်ကို ချစ်ပေးခြင်း “Self-love” ဟာလည်း ချစ်ခြင်းမေတ္တာပဲ ဖြစ်ပါတယ်။အိမ်မှာမွေးထားတဲ့ ခွေးကလေးတွေ၊ ကြောင်ကလေးတွေအပေါ်ထားတဲ့ မေတ္တာတရားဟာလည်း ချစ်ခြင်းတစ်မျိုးပဲဖြစ်တယ်။ ဒါဟာ မိသားစုဝင်အချင်းချင်းကြားမှာလည်း ထားနိုင်သလို သူငယ်ချင်းမိတ်ဆွေတွေအပေါ်လည်း ထားရှိနိုင်တယ်။ ဒီတော့ ကျွန်မတို့ဟာ ကိုယ်လိုချင်တဲ့ ချစ်ခြင်းမေတ္တာကို အဝေးကြီးလိုက်ရှာနေစရာမလိုပဲ မတူညီသော ပုံစံအမျိုးမျိုးနဲ့ ကိုယ်တိုင်ကိုယ်ကျ ဖန်တီးနိုင်တယ်။ ကိုယ်တိုင် လက်ခံ ရယူနိုင်တယ်။

ကိုယ်လိုချင်တဲ့နွေးထွေးမှုတွေ၊ ချစ်ခြင်းမေတ္တာတွေဟာ ပုံစံအမျိုးမျိုးနဲ့လည်း ရနိုင်တယ်ဆိုတဲ့အပေါ် နားလည်ထားရင် လိုချင်တဲ့အချစ်ကိုမရခဲ့သည့်တိုင် ဒါကို တစ်နေရာထဲကနေပဲ ထပ်တလဲလဲမရှာဖွေတော့ပဲ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့ တခြားအရာလေးတွေနဲ့လည်း ဖန်တီးရယူနိုင်လာပါမယ်။

Gratitude နဲ့ ဆက်စပ်ပြီးပြောရရင် ကိုယ့်အနီးဆုံးကနေ စစ်မှန်အေးချမ်းတဲ့ချစ်ခြင်းကို ရယူနိုင်ခြင်းဟာ ကျေးဇူးတင်စရာ သိပ်ကောင်းပါတယ်။ “Gratitude” ကျေးဇူးတင်တတ်ခြင်းနဲ့အတူ ချစ်ခြင်းမေတ္တာအစစ်အမှန်တွေကို ကိုယ်တိုင် ပုံဖော် လက်ခံတတ်အောင်၊ ကိုယ်တိုင်ပေးစွမ်းနိုင်အောင်လေ့ကျင့်ယူဖို့လိုပါတယ်။

ဒါ့ကြောင့် ချစ်ခြင်းမေတ္တာဆိုတာ ပုံစံအမျိုးမျိုးနဲ့ ရှိနေနိုင်တဲ့အပေါ် သတိမူရင်း စစ်မှန်အေးချမ်းတဲ့ ချစ်ခြင်းမေတ္တာတွေကို ကျေးဇူးတင်တတ်တဲ့စိတ်နဲ့အတူ ဖန်တီးရယူနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

Healing with Andrea

(2-Oct-2023)

#love#Romantic#selflove#gratitude


အခြား ဖတ်စရာများ 


Spread the love